ဒိန်ချဉ်လုပ်နည်းမေးသူများအတွက်..
Resberry လေး ၀ယ်ထားလို့ ဒိန်ချဉ်လေးနဲ့ သောက်ချင်နေတယ်၊ ဒန်ပေါက်ချက်ချင်လို့ ဒိန်ချဉ်လည်း လိုနေတယ်၊ ဒိန်ချဉ်လုပ်နည်း မေးထားကြလို့လည်း လုပ်နည်းကို ဓာတ်ပုံလေးနဲ့ တွဲတင်ပေးချင်လို့..ဒိန်ချဉ်လုပ်ဖြစ်သွားပါတယ်။
ပါဝင်ပစ္စည်းများ
နို့ (whole milk) ၂ ခွက်ခွဲ ( ၅၆၀ မီလီလီတာ)
နို့မှုန့် ၁ စားပွဲတင်ဇွန်း (မထည့်လည်းရပါတယ် ၊ထည့်လျှင် ပိုပြစ်ပါတယ်)
ဒိန်ချဉ် (အလျှင်) ၁ စားပွဲတင်ဇွန်း

ပြုလုပ်ပုံ
1. ဒိန်ချဉ် အခဲခံမည့် ခွက်( ဖန်ပုလင်း၊ ကော်ဗူး၊ မြေအိုး၊ စဉ့်ရည်သုပ်အိုး စသဖြင့်တို့) ကို သန့်စင်အောင် ဆေးကြော၊ လိုအပ်ပါက ရေပူတွင် ပြုတ်ပါ၊ (ကော်ဗူးကို မပြုတ်ရ)၊ ခြောက်သွေ့ သန့်စင်နေပါစေ။
2. နို့ ကို ဆူအောင်ကြိုပါ တမိနစ်ခန့် ဆူနေပါစေ။
3. ကြိုထားတဲ့နို့ ကို အနွေးခံပါ ( ၁၁၅ံ F မှာ ရှိရပါမယ်) ၊ နို့ နွေးနေသင့် ပါတယ်..ပူမနေရပါ။
4. ဒိန်ချဉ် အခဲခံမည့် ခွက်ထဲကို နို့မှုန့် ထည့်ပါ၊ ဒိန်ချဉ်အလျှင် ထည့်ပါ၊ နို့ရည်နွေးနွေးကို လောင်းထည့်ပီး သေချာနှံ့စပ်သွားအောင် သစ်သားဇွန်းဖြင့် ညှင်သာစွာ မွှေပေးပါ။
5. နို့အိုးလေးကို အာဗန် ထဲထည့်ပီး မီးသီးလေး ဖွင့် ထားလိုက်တယ်၊ နေ့လည် ၁၁ နာရီက လုပ်တာ ညနေ ၆ နာရီမှာ ခဲနေပါဘီ။
6. Oven ကို မသုံးချင်ရင် နို့ အရောကို သန့်ရှင်းစင်ကြယ်ပီး ပိုးသတ်ထားတဲ့ ဖန်ပုလင်း၊ ဖန်ခွက် ထဲထည့်ပါ၊ အဲဒါကိုမှ တခါ အိုးတခု ထဲထည့်ပါ၊ သုံးပုံ ၂ပုံ သို့မဟုတ် လည်ပင်းနားရောက်တဲ့ အထိ၊ ရေနွေးဖြည့်ပါ။ အိုးအဖုံးကို လုံနေအောင်ဖုံးထားပါ။ မျက်နှာသုပ်ပုဝါ ထူထူနဲ့ပတ်ထားပါ၊ ( အေးသော ဒေသများ အတွက်)
7. ဘယ် နည်းလမ်းကို ဘဲ သုံးသုံး အပူချိန်ကို ၁၁၅ံ F မှာ ၄-၈ နာရီ ရှိနေရပါတယ်။
8. ခွက်ကိုစောင်းငဲ့ ကြည့်လို့ ဒိန်ချဉ်က ခွက်နဲ့ကပ်နေတယ် ဆိုရင် ဒိန်ချဉ် ဖြစ်ပါပီ။
9. ကိုယ်လိုချင်တဲ့ အပျော့ အမာ အနေအထား ရတဲ့ အထိ ၃-၉ နာရီခန့်ေ၇ခဲသေတ္တာထဲမှာ ထားပါ။ အအေးခံနေစဉ်မှာ ပိုပီး ပျစ်လာပါတယ်။

ကြုံ ရတတ်တဲ့ အခက်ခဲလေးတွေ….
နို့ ဘာလို့ မခဲရတယ်..။ ဒိန်ချဉ် ဖြစ်မည့် အပူချိန်မရှိဘဲ အေးနေလို့၊ နို့ပူနေစဉ်မှာ အလျှင်ကို ထည့်မိလို့..အလျှင်မှာပါတဲ့ ဘက်တီးရီးယားတွေ အသက်မရှင်နိုင်တော့ပါ။
နို့နဲ့ အလျှင်ကို သေချာ သမအောင် မမွှေပေးမိလို့..။အခဲခံမည့် ခွက် ကို ဆေးကြောစဉ်မှာ ဆပ်ပြာ ကို ပြောင်စင်အောင် မဆေးမိလို့..။ ရက်ကြာနေတဲ့ နို့အလျှင်ကိုအသုံးပြုမိလို့..
ဒိန်ချဉ် ရေ ရွှတ်ပတ်ဖြစ်ရတာကတော့.. အလျှင် ကို လိုအပ်သည်ထက်ပိုသုံးမိလို့၊ အပူချိန်က လိုအပ်သည်ထက် မြင့်နေလို့၊ အချဉ်ဖောက်ထားတဲ့ အချိန်ကလိုအပ်သည်ထက် ပိုပီးအကြာကြီး ထားလို့..။
ဒိန်ချဉ် တင်းတင်းလေး မဖြစ်ဘဲ..ပျော့ပြဲကြီး ဖြစ်ရတာကတော့…အလျှင် ကို လိုအပ်သည်ထက်လျှော့ထည့်မိလို့၊ အပူချိန်က လိုအပ်သည်ထက် နိမ့်နေလို့၊ အချဉ်ဖောက်တဲ့ ကာလတိုလွန်းလို့၊ နို့ကို ဆူလာသည် အထိ အပူ မပေးမိလို့၊ ဒိန်ချဉ် လုပ်နေတဲ့ ကာလအတွင်းမှာ ခွက်ကို စောင်းကြည့်၊ လှုပ်ကြည့်လို့။

*** ဒိန်ချဉ်အလျှင် ဆိုတာ ဒိန်ချဉ် ဖြစ်ပီးကာစ ဒိန်ချဉ် ၊ ရက်မကြာတဲ့ ဒိန်ချဉ်..အချဉ်မစူးသေးတဲ့ ဒိန်ချဉ်ကို ခေါ်တာပါ..။

No comments:
Post a Comment